• Mar 4, 2012

      ဘယ်မှမသွားတဲ့ ဘလာဒီမာ ပူတင် ပြန်လာမည်




      မတ်လ ၄ ရက်နေ့ ရုရှားရွေးကောက်ပွဲမှာ ဘယ်သူနိုင်မည်လဲ မေးစရာမလို။ လက်ရှိ ၀န်ကြီးချုပ် ဘလာဒီမာ ပူတင်ပဲ နိုင်မှာပါ။ မနှစ်နှစ်ကုန်ပိုင်းက အငြင်းပွားဖွယ် ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများကြောင့် ပူတင်အတွက် နိုင်ငံရေးသိက္ခာကျစရာဖြစ်သော်လည်း သမ္မတထိုင်ခုံပြန်ရရေး လမ်းကြောင်းမှာ ကြီးမားသော အဟန့်အတားဖြစ်ပုံမရပါ။
      ဖေဖော်ဝါရီလလယ်ပိုင်း စစ်တမ်းတခုအရလည်း ပူတင်က လူထုထောက်ခံမှု ၆၀ ရာခိုင်နှုန်း ရှိသည်။ အနီးစပ်ဆုံး ပြိုင်ဘက်၊ ရုရှားကွန်မြူနစ်ပါတီက သမ္မတလောင်းက ၁၅ ရာခိုင်နှုန်းရပြီး၊ ကျန်အမတ်လောင်း ၃ ဦးကတော့ မဆိုစလောက် လူထုထောက်ခံမှုသာရကြသည်။
      ထို့ကြောင့် ဘလာဒီမာပူတင် ပြန်လာမည်။ ပူတင်က အရင် ပူတင်ဟုတ်မဟုတ် မသေချာ။ ရုရှားက အရင် ရုရှားမဟုတ်တော့။
      အောက်ပါဇယားအရ ကြည့်လျှင် လွန်ခဲ့သော ၁၂နှစ် တ၀ိုက်၊ မစ္စတာ ပူတင်ပထမအကြိမ် သမ္မတအဖြစ် အရွေးခံခဲ့စဉ်က အခြေအနေနှင့် လက်ရှိအခြေအနေမှာ လူလတ်တန်းစားအရေအတွက် အကြီးအကျယ် ပြောင်းလဲသွားသည်ကို တွေ့ရမည်။


      ဘလာဒီမာ ပူတင်ဆိုသည်က ကေဂျီဘီဟောင်း၊ သမ္မတဟောင်း၊ လက်ရှိ ၀န်ကြီးချုပ်။ အာဏာကို လက်သိပ်ထိုးသည့်နည်းဖြင့် ရလျှင်လိုချင်သူ၊ နောက်ကွယ်က ကိုင်ထားသူ။ သို့သော်လည်း ယခုတကြိမ်မှာတော့ အစွံထုတ်နိုင်သမျှ နည်းပေါင်းစုံသုံးပြီး လူထုကြိုက်အောင် စည်းရုံးလာသည်။
      အမေရိကန်က လူမည်းခေါင်းဆောင်ကြီး Martin Luther King  ၏ စကားကို သံယောင် လိုက်သည်။
      “ကျနော့်မှာ အိပ်မက်တခုရှိတယ်’
      နာမည်ကျော် Lermontov  ၏ Borodino  တိုက်ပွဲ ကဗျာစာသားတချို့ကို  ရွတ်ပြသည်။
      “ပူမော်စကိုအတွက် ငါတို့ အသက်ပေးနေကြ၊ ငါတို့ အရင်က ငါတို့ နောင်တော်ကြီးတွေ အသက်ပေးကြသလိုမျိုး”
      စတာလင်ခေတ်က ရုရှားခေါင်းဆောင် တယောက်ဖြစ်ခဲ့တဲ့ Vyacheslav Molotov စကားကိုလည်း ငှားသုံးသည်။
      “ တိုက်ပွဲတွေက ဆက်နေတုန်း၊ ငါတို့ပဲ အောင်ပွဲခံမည်သာ” စသဖြင့်။
      ပူတင်က ပြည်တွင်းပြည်ပက အန္တရာယ်တွေကို နောက်ဆုံးတိုက်ပွဲ ဆင်နွဲရမည်ဟု ဆိုသည်။

      ရုရှားမှာ ပူတင် ပထမဆုံးအကြိမ် အာဏာရစဉ်က ရုရှားမှာ ပါတီစုံရွေးကောက်ပွဲ၊ မဲပေးသူတွေကလည်း ကိုယ့်အကြိုက်၊ ကိုယ့်ဝင်ငွေ၊ ကိုယ့်လိုအပ်ချက်နှင့် ကိုယ်ကြိုက်ရာ ပါတီကို မဲပေးခဲ့ကြသည်။ ပူတင်က အစိုးရက ပြည်သူတွေကို ရင်ဝယ်သားလို အုပ်ချုပ်မည်ဟု ကတိနှင့် တက်လာသည်။
      သူ့လက်ထက်မှာ ရုရှားစီးပွား တိုးတက်တည်ငြိမ်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက မတည်မငြိမ်နှင့် သောကပင်လယ် ဝေနေသော ရုရှား၊ ဘောရစ်ယဲဆင် အလွန် ပျက်စီးယိုယွင်းနေသော ရုရှားကို ပူတင်က ပြန်အဖက်ဆယ်ခဲ့သည်ဟု ဆိုနိုင်သည်။
      သို့သော် ကေဂျီဘီဟောင်း ပူတင်လက်ထဲမှာ နိုင်ငံရေးပါတီငယ်ကလေးတွေ သင်းသတ်ခံလိုက်ရသည်။ မီဒီယာတွေ လည်း ခေါင်းမဖော်နိုင်တော့။ အစိုးရယန္တယားမှာလည်း အကတိလိုက်စားမှုတွေက ဆိုးဆိုးရွားရွား အမြစ်တွယ်ခဲ့သည်။ ဥပမာ ယာဉ်မောင်းလိုင်စင် ရဖို့၊ ကားလိုင်စင်ရဖို့ လာဘ်ထိုးရသည်။ အစိုးရအရာရှိတွေက စီးပွားရေးသမားတွေနှင့် လက်သိပ်ထိုးပြီး ဂွင်ဖန်ကြသည်။
      ပြည်သူတွေက လွတ်လပ်သော တရားစီရင်ရေးစနစ်၊ ပုဂလိဂ ပစ္စည်းပိုင်ဆိုင်ခွင့်တွေကို ကာကွယ်သော ဥပဒေတွေကို ပြဌာန်းရန်တောင်းဆိုလာကြသည်။  အစိုးရ ဗျူရိုကရေစီ ယန္တယားကိုလည်း ကြိုးနီစနစ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုကြသည်။
      သီအိုရီအရ မဟုတ်ဘဲ လက်တွေ့အတွေ့အကြုံအရ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ သမ္မတ Dmitry Medvedev က ဖြေလျှော့မှုတချို့နှင့် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပေးပါမည်ဟု အာမခံပေမယ့် ၀န်ကြီးချုပ် ပူတင်ကတော့ ရှေးရိုးသမားတွေဘက်က ရပ်ခံပေးခဲ့သဖြင့် ထင်သလောက် ခရီးမပေါက်ခဲ့။
      ယခု ရွေးကောက်ပွဲမှာတော့ ဘလာဒီမာပူတင်က ပင်စင်လစာတွေကို တိုးပေးမည်ဟု ကတိပေးထားပါသည်။ ရုရှားက ယူရိုချန်ပီယံပွဲကြည့်ပရိသတ်တွေကို လေယာဉ် အလကား စီစဉ်ပေးမည်ဟု မဲဆွယ်သည်။ ဒါက အပေါ်ယံလူဗြိန်းကြိုက် မဲဆွယ်နည်းတွေ။
      အရေးကြီးသည်က မတ်လ ၅ ရက်နေ့ ရွေးကောက်ပွဲပြီးလျှင် ပူတင်တယောက် လူထုဆန္ဒကို လေးစားသော သမတ တယောက်ဖြစ်လာမလား။
      လူတကိုယ် အကြိုက်တမျိုး pluralism ကို လက်ခံမလား၊ နိုင်ငံရေးအမြင်မတူသူတွေကို ရှင်သန်ခွင့်ပေးမလား၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတချို့ကို လုပ်လာမလား၊ ဒေသ အုပ်ချုပ် ရေးမှူး ရွေးချယ်သော ရွေးကောက်ပွဲတွေကို ပြန်လုပ်လာမလား။ နိုင်ငံရေး ပါတီလေးတွေကို ပြန်ပြီး မှတ်ပုံတင်ခွင့် ပြုနိုင်မလား၊ လားပေါင်းများစွာရှိနေသည်။
      ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်ဘဲ အရင်အတိုင်းပဲ ကေဂျီဘီစတိုင် လူထုကို ခေါင်းမဖော်နိုင်အောင် နှိပ်ကွက်ပြီး အုပ်ချုပ်မလား၊ သူတယောက်ထဲ ကြိတ်ကြံနေတာတွေ လက်တွေ့အကောင်အထည် ဖော်လာမလား၊ စောင့်ကြည့်ရမည်။ ပညာတတ် အသိုင်းအ၀ိုင်းမှာတော့ ပူတင် သမ္မတဖြစ်လာလာချင်း တာဂျစ်ကစ်တန်နှင့် စစ်မဖြစ်လျှင်ပဲ တော်လှပါပြီလို့ ဆုတောင်းနေကြသည်။
      ညီစောလွင်

      0 comments:

      Post a Comment

      Subscribe To RSS

      Sign up to receive latest news