• Mar 1, 2012

      ဒူးနေရာဒူးတော်နေရာတော်


      လူထုစိန်ဝင်း
      (၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် The Street View ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။ ဒီကနေ့ လွှတ်တော်ထဲ မှာ ကိုယ်စားလှယ်တော် များက အတော် တက်တက်ကြွကြွ ပြောနေပေမယ့် ပြောသမျှဟာ အကျိုး ရှိရဲ့လား၊ မှန်ရဲ့လား၊ ပြောသင့်လား ဆိုတာ စဉ်းစားစရာ အများကြီး ရှိပါတယ်။ ဆရာ လူထုစိန်ဝင်း ကလည်း လွှတ်တော် ကိုယ်စားလှယ်များ ပြောဆို ဆွေးနွေးတာနဲ့ ပတ်သက်ပြီး သတိပြုဖို့ အချက်ကို ထောက်ပြ ထားပါတယ်။)
      အယ်ဒီတာထံ ပေးစာတွေလို မဟုတ်
      တစ်နေ့တစ်နေ့ကို နယ် စာဖတ်သူများ ဆီက ဆက်တဲ့ဖုန်း လေးငါးကြိမ်လောက် အနည်းဆုံး ရှိတယ်။ စာတိုက်က အမြန် ချောပို့နဲ့ ပို့တဲ့စာလည်း သုံးလေးစောင် ရတယ်။ လူကိုယ်တိုင် ရောက်လာ ကြတာလည်း ပြတ်တယ် မရှိပါဘူး။ ပြောသမျှ စကား၊ ရေးသမျှ စာတွေဟာ ရေမရလို့၊ မီးမလာလို့၊ ကားဘော်ဒီ ထုသံတွေ နားမခံသာလို့ ဆိုတဲ့ သတင်းစာ ထဲက အယ်ဒီတာ့ထံ ပေးစာတွေလို တစ်ဦးချင်း နစ်နာမှု တွေလို တိုင်ကြားတာမျိုး မဟုတ်ဘူး။ အများနဲ့ ဆိုင်တဲ့ တိုင်းပြည်တစ်ခု လုံးနဲ့ဆိုင်တဲ့ ကိစ္စမျိုးတွေကို ပြောကြ ဆိုကြတာ များတယ်။ ဒါကြောင့် အမြင်ကျယ် တိုးတက်တယ်လို့ ဆိုခဲ့တာ ဖြစ်တယ်။
      ဒီမိုကရေစီဘောင်ထဲက
      ဧရာဝတီ မြစ်ဆုံ ရေကာတာ ဆောက်တဲ့ ကိစ္စတုန်းက ဆိုရင် တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ အသံဟာ အင်မတန် အရေးပါ ထိရောက်ခဲ့တယ်။ ဒီမိုကရေစီ ဘောင်ထဲက ရဲရဲဝံ့ဝံ့ ပြတ်ပြတ် သားသား ဆန္ဒတွေ ဖော်ထုတ် ခဲ့ကြတယ်။ ဒီအတိုင်းပဲ အခုလည်း စာဖတ်သူများက အများအကျိုး ထိခိုက် နစ်နာစေတဲ့ ကိစ္စတွေကို ပြောကြရေးကြတယ်။
      ရေကာတာတစ်ခု မဆောက်တော့ဘူး ဆိုရုံးနဲ့ ဧရာဝတီကို ကယ်တင်နိုင်ပြီလို့ မယူဆ သင့်ကြောင်း၊ ကျောက်စိမ်း တူးဖော်မှု တွေနဲ့ ရွှေတူးဖော်တာ တွေကလည်း မြစ်ကြောင်းတွေကို ဖျက်ဆီး ပစ်သလို ဖြစ်တဲ့ အကြောင်း၊ မြစ်ညာဒေသ နေသူတွေဟာ မြစ်ရေကို သုံးရေ သောက်ရေ အဖြစ် သုံးစွဲခဲ့ ကြပေမယ့် အခုအခါ ပြဒါးတွေ၊ အက်စစ်တွေနဲ့ ဓာတုပစ္စည်း မျိုးစုံ ပါဝင် နေတာကြောင့် သုံးစွဲဖို့ မသင့်တဲ့ အခြေအနေ ရောက်နေတဲ့ အကြောင်း စတာတွေကို ပြောကြတယ်။
      ဆန်ဝယ်စားတဲ့ ဘဝ မရောက်အောင်
      တစ်နေ့ကတော့ မိုးညှင်းဘက်က ဆရာမလေး တစ်ယောက်က စာသင်ကျောင်းတွေ ပိတ်ထားရလို့ ကလေးတွေ အတွက် စိတ်မကောင်း ဖြစ်ရတဲ့ အကြောင်း၊ စစ်ပွဲတွေ မြန်မြန်ရပ်အောင် လုပ်ပေးကြ စေချင်ကြောင်း ရှမ်းသံ ဝဲဝဲနဲ့ ပြောသွားတာ နားထောင်ပြီး စိတ်မကောင်း ဖြစ်ရတယ်။
      လယ်သမားကြီး တစ်ယောက်တော့ လယ်လုပ်စပါး စိုက်ရတာ တွက်ခြေ မကိုက်တော့လို့ တောင်သူတွေ လယ်ယာလုပ်ငန်း စွန့်လွှတ်ပြီး မြို့ တက်ကုန် ကြကြောင်း၊ ဒီအတိုင်း ဆက်သွားနေရင် နောင်ဆယ်နှစ်လောက် ကြာတဲ့အခါ ဆန်ကို သူများ နိုင်ငံက ဝယ်စားရတဲ့ အထိ ဖြစ်သွားနိုင်ကြောင်း၊ ဒီလို မဖြစ်ခင် တောင်သူ လယ်သမားများရဲ့ ဘဝ တိုးတက်ရေးကို ဦးစားပေး လုပ်ငန်းအဖြစ် လုပ်ဖို့ လိုကြောင်း ထောက်ပြ ပြောဆိုသွားပါတယ်။
      ဘိုးဘိုးအောင်လို
      စာဖတ် ပရိတ်သက်က နိုးကြား တက်ကြွစွာနဲ့ ပြောဆိုလာကြတာ ဝမ်းသာစရာ ကောင်းသလို၊ ဝမ်းနည်းစရာလည်း ကောင်း တယ်။ ဝမ်းသာတာက နယ်ဘက်က လယ်သမား တွေတောင် စာတွေ ဖတ်လာပြီး ပြောသင့် ပြောထိုက်တာ တွေကို ပြောရဲ ဆိုရဲ ဖြစ်လာတာ တွေ့ရလို့ပါ။ ရှေးကလို “ဘူးလုံး နားမထွင်း” တွေ မဟုတ်ကြတော့ ဘူးပေါ့။ ဝမ်းနည်းတာ ကတော့ သူတို့အတွက် ကိုယ်က ဘာမှ လုပ်မပေးနိုင် တာကြောင့် ဖြစ်တယ်။ တစ်ခါတလေ ကိုယ်ကိုယ်ကို ဘိုးဘိုးအောင်လို တန်ခိုးသိဒ္ဓိတွေ ရှိလိုက်ရင် သိပ်ကောင်းမှာပဲ လို့တောင် တောင့်တမိတယ်။
      လွတ်တော်ထဲမှာ မေးဖို့ပြောဖို့
      ဒီမိုကရေစီ နိုင်ငံမှာ ဆိုရင် ဒါမျိုးတွေကို ကိုယ့်နယ်မြေကကိုယ် ရွေးချယ်တင်မြှောက် ပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် တွေဆီ ပြောရ ရေးရမှာ ဖြစ်တယ်။ လွတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ အစိုးရကို မေးခွန်းတွေ ထုတ်ပြီး မေးနိုင်သလို၊ တိုက်တွန်း နှိုးဆော်တာ တွေလည်း လုပ်နိုင်တယ်။ လိုအပ်လာရင် ဥပဒေ ပြဌာန်း သတ်မှတ်ပြီး ဆောင်ရွက်နိုင်တယ်။ မဲဆန္ဒရှင် ပြည်သူလူထု တင်ပြချင်တာတွေ တင်ပြနိုင်အောင် လွှတ်တာ် ကိုယ်စားလှယ် များဟာ ကိုယ်မဲဆန္ဒ နယ်မြေနဲ့ အမြဲတစေ ထိတွေ့နေဖို့ လိုအပ်တယ်။
      မူလတန်းကျောင်း လိုချင်တဲ့ကိစ္စ
      လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ မဲဆန္ဒရှင်များရဲ့ ပြောဆိုချက်တွေကို နားထောင်ပြီး ကိုယ့်နယ်မြေ တစ်ခုတည်း နဲ့သာ သက်ဆိုင်တဲ့ ကိစ္စဖြစ်ရင် နယ်မြေ အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများနဲ့ တွေ့ဆုံညှိနှိုင်း ဆောင်ရွက် ပေးရမယ်။ ဥပမာ နယ်မြေအတွင်း မူလတန်းကျောင်း လိုချင်တဲ့ ကိစ္စမျိုးကို နယ်မြေခံ မြို့နယ်၊ ဒါမှမဟုတ် တိုင်း ပညာရေးမှူးကို တွေ့ဆုံဆွေးနွေး လိုက်ရုံနဲ့ ကိစ္စပြီးတယ်။ မူလတန်း ကျောင်းလေး တစ်ကျောင်း ဖွင့်ဖို့ကိစ္စ လွှတ်တော်ထဲထိ ယူလာပြီး ပညာရေး ဝန်ကြီးကို မေးဖို့ မလိုဘူး။ တိုင်းပညာရေးမှူးမှာ မူလတန်း ကျောင်းတစ်ကျောင်း ဖွင့်ခွင့် ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် ရှိပြီး ဖြစ်ပါတယ်။
      ဒူးနေရာဒူး တော်နေရာတော်
      ပြည်ထောင်စု လွှတ်တော် ဆိုတာဟာ တစ်ပြည်ထောင်လုံးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ပြောဆို ဆွေးနွေးဖို့၊ ဥပဒေတွေ ပြုဖို့ပြင်ဖို့ ဖြစ်တယ်။ မြို့နယ် ရပ်ကွက်လေး တစ်ခုမှာ ရေမရတာ၊ မီးမရတာ ဖြေရှင်းတဲ့ နေရာ မဟုတ်ဘူး။ အဲဒါတွေ အတွက် မြို့နယ် အဆင့်ရုံးတွေ ရှိတယ်။ လိုအပ်ရင် တိုင်းနဲ့ ပြည်နယ်အဆင့် အစိုးရတွေနဲ့ လွှတ်တော်တွေရှိတယ်။ ဒူးနေရာဒူး တော်နေရာတော် ဆိုတဲ့ စကားအတိုင်း သူနေရာနဲ့သူ လိုက်လျောညီထွေ ဖြစ်ဖို့လိုပါတယ်။ ဒါမှလည်း ပြည်ထောင်စု လွှတ်တော် ဆိုတာ ဂုဏ်သိက္ခာ ရှိမှာ ဖြစ်ပါတယ်။
      တိုင်စာပစ်စာလက်ခံရာ
      လွှတ်တော် ဂုဏ်သိက္ခာရှိဖို့ လွှတ်တော် ကိုယ်စားလှယ်များ အပေါ် မူတည်တယ်။ ကိုယ်စားလှယ်များက အယ်ဒီတာ့ထံ ပေးစာပို့သလို သဘောထားရင် လွှတ်တော်ဟာလည်း တိုင်စာပစ်စာ လက်ခံရာ ဌာနတစ်ခု အဖြစ်သာ ရှိနေမှာပဲ၊ လွှတ်တော် ကိုယ်စားလှယ် များက ဒူးနေရာဒူး တော်နေရာတော် ကျင့်သုံးတက်ပါမှ လွှတ်တော်လည်း လွှတ်တော် ဂုဏ်သိက္ခာနဲ့ ညီတဲ့နေရာ ဖြစ်လာမှာပါခင်ဗျာ။

      0 comments:

      Post a Comment

      Subscribe To RSS

      Sign up to receive latest news