• Mar 19, 2012

       မြန်မာသင်္ဘောသား ၁၀ ဦးပါဝင်သော ‘Kenos Athena’ သင်္ဘော တောင်တရုတ် ပင်လယ်ပြင်တွင် နစ်မြုပ်




      AddThis Social Bookmark Button

      7258
      ပင်လယ်ထဲသို့ နစ်မြုပ်ခဲ့သည့် ဓာတုဗေဒ ကုန်တင်သင်္ဘော ‘Kenos Athena’ အားတွေ့ရစဉ်
      ၂၀၁၂ခုနှစ်၊ မတ်လ၁၃ရက်နေ့က မြန်မာသင်္ဘောသား၁၀ဦးပါ ၀င်သော ‘Kenos Athena’ သင်္ဘောသည် တောင်တရုတ်ပင်လယ်ပြင် တွင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။
      ဆာလဖျူရစ်အက်ဆစ်များ တင်ဆောင်လာသော ဓာတုဗေဒ ကုန်တင်သင်္ဘော ‘Kenos Athena’ သည် တောင်ကိုရီးယားနိုင်ငံမှ တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ်၊ ဇူဟိုင်းမြို့သို့ မောင်းနှင်လာစဉ် ယင်းသို့နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
      ယင်းသင်္ဘောတွင် မြန်မာ ၁၀ဦး၊ အင်ဒိုနီးရှား ၄ ဦးနှင့် တောင်ကိုရီးယား ၄ဦးတို့ ပါဝင်ကြောင်း သိရသည်။ သင်္ဘောတွင် ပါဝင်သော မြန်မာသင်္ဘောသားများ အပါအ၀င် သင်္ဘောသား၁၈ဦးစလုံးအား တရုတ် ငါးဖမ်းသင်္ဘောတစ်စီးမှ ကယ်တင်ခဲ့ကာ တာဝန်ရှိသူများထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သင်္ဘောသားများ၏ ပြောကြားချက်အရ သိရပါသည်။
      “အဲဒီနေ့က ပင်လယ်ပြင်မှာ လှိုင်းကလည်းရှိတယ်။ ကုန်လည်း အပြည့်တင်လာတဲ့အခါ ဖြစ်ချင်တော့ ရေသွင်းရေထုတ်လုပ်တဲ့ Pump က ပျက်သွားတယ်။ အဲဒါနဲ့နီးစပ်ရာနေရာမှ အရေးပေါ်ကျောက်ချဖို့ လုပ်နေတုန်း ရေတွေက တဖြည်းဖြည်း ၀င်လာပြီး သင်္ဘောက ညာဘက်အခြမ်း ကို စောင်းလာတယ်။ သင်္ဘောပေါ်မှာ ဆက်ပြီးနေဖို့ မလွယ်တော့အတွက် ကျွန်တော်တို့သင်္ဘောသားတွေ အားလုံး သင်္ဘောကို စွန့်ခွာခဲ့ကြပါတယ်” ဟု  မြန်မာသင်္ဘောသား တစ်ဦးက ပြောပြခဲ့သည်။ ယခုအချိန်တွင် မြန်မာသင်္ဘောသား ၁၀ဦး အပါအ၀င် သင်္ဘောသား ၁၈ဦးစလုံး သည် တရုတ်နိုင်ငံ၊ Lufung မြို့ရှိ Lufung City ဟိုတယ်တွင် ခေတ္တနေထိုင်လျက် ရှိကြောင်း သိရသည်။
      “သင်္ဘောကို အရေးတကြီး စွန့်ခွာခဲ့တာ ဖြစ်တော့ အရေးကြီးစာရွက် စာတမ်းတွေ အပါအ၀င် ကိုယ်ပိုင်ပစ္စည်းတွေ အားလုံးဆုံးရှုံးခဲ့ပါတယ်။ အင်ဒိုနီးရှား သင်္ဘောသားတွေကိုတော့ မတ်လ ၁၅ရက်နေ့က သူတို့ နိုင်ငံသမ္မတအမိန့်နဲ့ နိုင်ငံကူးလက်မှတ်တွေ လာပေးသွားပြီး အမြန်ဆုံးပြန်နိုင်အောင် စီစဉ်ပေးသွားပါတယ်။ ကျွန်တော်တို့ ဒီမှာအနည်းဆုံး ၁၅ရက်လောက် ဆက်နေရဦးမယ်လို့သိရတယ်”ဟု သင်္ဘောသားတစ်ဦးက ပြောပြခဲ့သည်။

      0 comments:

      Post a Comment

      Subscribe To RSS

      Sign up to receive latest news